Tuesday, September 4, 2012

ဝက်ခြံပျောက်စေနိုင်တဲ့ သဘာဝရဲ့ စွမ်းအားများ...


သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစားရှာထားပေးပါတယ်။
ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့
စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်း
အများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။
စမ်းကြည့်ကြပါအုံး။




ပန်းသီး

ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်
ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ
ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေ
ထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်း
အရမ်းကြိုက်သွားမှာ သေချာတယ်နော်။




သရက်သီး

“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်း
ကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲ
လုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေး
ပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင်
ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။




သံပုရာသီးနဲ့ ဒိန်ခဲ

ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီ
ကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး
မလုပ်ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်၊





ရေနွေးကြမ်းနဲ့ မုန်လာဥနီ

ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရ
ထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းနဲနဲနဲ့
ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။
၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။





လိမ္မော်သီးနဲ့ကြက်ဥ

အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်
အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။





စတော်ဘယ်ရီရွက်

စတော်ဘယ်ရီသီးလေးတွေဟာ အရမ်းစားလို့ကောင်းသလို စတော်ဘယ်ရီရွက်လေးတွေဟာလည်း အရမ်းအသုံးဝင်
ပါတယ်။ ဒီနည်းလေးက အလွယ်ဆုံးလို့တောင် ပြောရမလားပဲ။ စတော်ဘယ်ရီရွက်လေးတွေကိုရေအေးအေးနဲ့
သေချာဆေးပြီး ၀က်ခြံပေါ်ကပ်လိုက်ရုံပဲလေ။ ၁၀ မိနစ်နေရင် ခွာလိုက်။ ၀က်ခြံက နာတာရော ရောင်တာကိုရော
အရွက်လေးက ယူပစ်လိုက်သလို သက်သာသွားမှာပါ။ ဒီထက်လွယ်တာတောင် ဒီလောက်လွယ်မှာမဟုတ်ဘူးနော်။





ကြက်ဥနဲ့ ပျားရည်

အသားအရေလှပဖို့အတွက် အသုံးများတာလေးနှစ်ခုပါ။ ဒီနှစ်ခုကို ၀က်ခြံတွေအတွက်လည်း သုံးနိုင်ပါသေးတယ်နော်။
ကြက်ဥတစ်လုံးရဲ့အကာနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောလိုက်ပါ။ သမအောင်ရောမွှေပြီး ၀က်ခြံတွေပေါ်
လိမ်းလိုက်ပါ။ မိနစ်သုံးဆယ်နေရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ တပတ်ကို တစ်ခါပုံမှန်လုပ်ပေးရင် ၀က်ခြံတွေ
သက်သာပျောက်ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ နည်းလေးပါပဲ။





ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အနံ့နံတော့ သုံးရမှာတွန့်မသွားနဲ့အုံးနော်။ သူ့ရဲ့ဓာတ်တိုးဆန့်ကျင်သတ္တိကို ဘာမှမယှဉ်နိုင်ဘူးလေ။
ကြက်သွန်ဖြူအခြမ်းလေးနဲ့ ၀က်ခြံပေါ်ကို အနည်းဆုံးသုံးခါပွတ်ပေးပါ။ အားနဲ့ပွတ်ရင်အသားအရေထိနိုင်လို့ ညင်ညင်
သာသာလေး ပွတ်ပေးနော်။ ပြီးတော့ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ သစ်လိုက်ပါ။ အမာရွတ်မကျန်အောင်
လည်း ကာကွယ်ပေးတဲ့ အဖိုးတန်နည်းလေးပါပဲ။





ဂျုံ

ဂျုံမှာ အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့၊ ချွေးပေါက်တွေကို လုံးဝသန့်စင်စေတဲ့၊ မျက်နှာပေါ်က အစက်အပြောက်တွေကို
ဖယ်ရှားပေးနိုင်တဲ့ အံ့သြလောက်စရာအစွမ်းတွေရှိတယ်နော်။ ၀က်ခြံကုဖို့ဆိုရင်တော့ ဂျုံမှုန့်နဲနဲကို ရေသန့်နဲ့ ရော
လိုက်ပါ။ ၀က်ခြံပေါ်ပဲ လိမ်းလည်း ရတယ်။ တမျက်နှာလုံးလိမ်းလည်း ရတယ်နော်။ ၁၅ - ၂၀ မိနစ်ကြာရင်
ရေအေးအေးလေးနဲ့သာဆေးချလိုက်ပါ။ ၀က်ခြံက ရောင်နေတာလည်း သက်သာ၊ ချွေးပေါက်တွေလည်း သန့်စင်ပြီး၊
ဝက်ခြံရာလေးတွေပါ သက်သာသွားမှာ..။ ဘယ်လောက်ကောင်းလဲနော်။





သံပုရာရည်

သံပုရာရည်မှာ ဘက်တီးရီးယားပိုးတွေကို တိုက်နိုင်တဲ့အစွမ်းရှိတဲ့အစွမ်းရှိတော့ ၀က်ခြံတွေကို ကုသနိုင်တာပေါ့။
သံပုရာရည်ကို ၀ါဂွမ်းနဲ့တို့ပြီး ၀က်ခြံတွေပေါ်တို့ပေးပါ။ ရေပြန်ဆေးချစရာ မလိုဘူးနော်။ ၀က်ခြံပျောက်သွားတဲ့အထိ
တော့ တစ်နေ့ကိုသုံးကြိမ် လုပ်ပေးရမှာပါ။





သင်္ဘောသီး

သူငယ်ချင်းတို့ရဲ့ နီရဲပြီးရောင်နေတဲ့ ၀က်ခြံတွေအတွက် သင်္ဘောသီးလေးကိုလည်း အားကိုးနိုင်ပါသေးတယ်။
သင်္ဘောသီးက အရည်လေးကို ၀က်ခြံပေါ်တို့ထားလိုက်ရုံပါပဲ။ မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်တဲ့အခါ ၀က်ခြံက
နီတာ ရောင်တာ နာတာတွေ သက်သာသွားလိမ့်မယ်နော်။





ခရမ်းချဉ်သီး

အသားအရေကို သန့်စင်စေသလို အရောင်လည်းကျစေတဲ့ ခရမ်းချဉ်သီးလေးကလည်း ၀က်ခြံပြဿနာကို အစွမ်းပြ
ဖြေရှင်းပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ၀က်ခြံတွေပေါ် ကပ်ပေးပါ။ ၁၅ မိနစ်ကြာလို့ ရေဆေးချလိုက်ရင်
သူငယ်ချင်းရဲ့အသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်နော်။





သခွားသီး

အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ သခွားသီးက သူငယ်ချင်းတို့ကို ၀က်ခြံနဲ့
ဘာမှမဆိုင်တဲ့သူတွေဖြစ်အောင် လုပ်ပေးနိုင်တယ်နော်။ သခွားသီးကို ပါးပါးလှီးပြီး ၀က်ခြံရှိတဲ့ နေရာတွေပေါ်မှာ မိနစ်
၂၀ လောက် ကပ်ထားပြီး ရေအေးလေးနဲ့ ဆေးလိုက်ပါ။ ပုံမှန်သာလုပ်ရင် ၀က်ခြံဆိုတာ ဘာလဲလို့တောင်
ပြန်မေးနေရမယ်တဲ့။




ခု ဒီနည်းလေးတွေကို အရင်စမ်းကြည့်အုံးနော်။ ဒီလို စားကောင်းသောက်ဖွယ်လေးတွေ..
အဲလေ.. နည်းကောင်းလေးတွေ အများကြီးရှိသေးတယ်နော်။ :D အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်
နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့
ကျေးဇူးတင်ရမှာပါ။ “မသိသူကျော်သွား သိသူဖော်စား” တဲ့။ တကယ်လည်း စားလို့ရတာတွေပါပဲ။
ဝက်ခြံရဲ့ သားကောင်အဖြစ်က အမြန်လွတ်နိုင်ပါစေ သူငယ်ချင်းတို့။

No comments: