Saturday, September 22, 2012

အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း


အင်တာနက်ကိုအသုံးပြုတဲ့အခါမှာ အသုံးပြုသူအနေနဲ့ spyware များကိုရယူမိခြင်း၊ malware များကို download ပြုလုပ်မိခြင်းနဲ့ လိမ်လည်မှုပြုလုပ်နိုင်တဲ့ဆိုက်များသို့ လည်ပတ်ရောက်ရှိမိခြင်းတို့ဟာ အသုံးပြုသူကိုယ်တိုင် သတိမမူမိဘဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ ကြိုတင်ကာကွယ်မှုတချို့ကို ပြုလုပ်ထားမယ်ဆိုရင်တော့ မည်သည့် click ကိုမဆို ကြောက်ရွံ့ခြင်းမရှိဘဲ နှိပ်ကာ အင်တာနက်အသုံးပြုရာမှာ လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။


Browser ရဲ့ Security Feature များကို နားလည်အောင်လေ့လာပါ။
Browser အများစုမှာ အခေါ်အဝေါ်တွေကွဲပြားပြီး လုပ်ဆောင်ချက်တူညီတဲ့ security function တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာဖော်ပြမယ့် feature တွေကတော့ Internet Explorer, Mozilla Firefox နဲ့ Google Chrome တို့ကို အဓိကထားကာဖော်ပြခြင်းဖြစ်ပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်များအန္တရာယ်မှ ကာကွယ်ခြင်း
Browser အားလုံးလိုလိုမှာ malware နဲ့ phishing scam တွေပါဝင်တဲ့ အန္တရာယ်ရှိတဲ့ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းကို ကာကွယ်ပေးနိုင်မယ့် security feature တွေပါဝင်ပါတယ်။ အသုံးပြုသူမှ အန္တရာယ်ရှိတဲ့ဆိုက်တစ်ခုထံ လည်ပတ်ရောက်ရှိမိတဲ့အခါမှာ browser ဟာ အနီရောင်သတိပေးစာတန်းတစ်ခုနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါအချက်များကတော့ browser တစ်ခုချင်းစီရဲ့ သတိပေးဖော်ပြချက်များ ဖြစ်ပါတယ်။
- Internet Explorer 8 ဟာ အန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက်တွေကို block ဖို့အတွက် SmartScreen Filter ကိုအသုံးပြုပါတယ်။
- Firefox ကတော့ malware နဲ့ phishing အပြင်တခြား security feature များအတွက် အနီရောင်သတိပေးတားမြစ်ချက်ကို အသုံးပြုပါတယ်။
- Chrome ကတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် သတိပေးစာတန်းအပြင် sandboxing လို့ခေါ်တဲ့ security feature ကိုအသုံးပြုပါတယ်။

Browser ကို အမြဲ update လုပ်ပါ။
Malware အသစ်တွေနဲ့ phishing ခြိမ်းခြောက်မှုသစ်တွေဟာ အမြဲလိုလိုထွက်ပေါ်လေ့ရှိတာကြောင့် အင်တာနက်အသုံးပြုသူများရဲ့ browser ကိုအမြဲ update လုပ်ဖို့လိုပါတယ်။

ဒိုမိန်းနာမည်တွေကို စစ်ဆေးပါ။
အန္တရာယ်ရှိတဲ့ဆိုက်တွေဟာ ၎င်းတို့ကို တရားဝင်ဝက်ဘ်ဆိုက်များအဖြစ် အသုံးပြုသူများ ယုံကြည်စေရန်အတွက် မျက်စိမှောက်မှားစေနိုင်တဲ့ဒိုမိန်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ www.bankofamerican.com ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုမိန်းအစစ်ရဲ့အမည်ဟာ "n" မပါတဲ့ www.bankofamerica.com ပါ။ အင်တာနက်အသုံးပြုသူများအနေနဲ့ content များကို download လုပ်ခြင်း၊ ဘဏ် account ဒါမှမဟုတ် အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ခြင်း စတာတွေကိုပြုလုပ်တဲ့အခါမှာ အဆိုပါကိစ္စရပ်များကိုမပြုလုပ်မီ ဒိုမိန်းအမည်စစ်ဆေးခြင်းကို သေချာစွာပြုလုပ်သင့်ပါတယ်။ Internet Explorer 8 မှာ ဒိုမိန်းအမည်များကိုစစ်ဆေးရန်အတွက် Domain Highlighting လို့ခေါ်တဲ့ feature ပါဝင်ပါတယ်။

Download ပြုလုပ်ခြင်းအတွက် ကြိုတင်ကာကွယ်မှု
ကွန်ပျူတာများထံ malware, spyware နဲ့ adware တွေဝင်ရောက်လာနိုင်တဲ့ နည်းလမ်းတွေအနက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ download ပြုလုပ်ခြင်းမှဝင်ရောက်ခြင်းဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူများအနေနဲ့ ကွန်ပျူတာအတွင်းသို့ ဆော့ဖ်ဝဲပရိုဂရမ်၊ နောက်ဆုံးပေါ်ပေါ့ပ်သီချင်းနဲ့ နာမည်ကျော်ဂိမ်း စတဲ့ content တွေကို download မပြုလုပ်မီ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။ အကောင်းဆုံးကာကွယ်မှုစနစ်ကတော့ ကွန်ပျူတာအတွင်း update ဖြစ်တဲ့ security program များကိုအသုံးပြုခြင်းနဲ့ firewall ဖွင့်ထားခြင်းတို့ဖြစ်ပါတယ်။

အင်တာနက်အသုံးပြုမှုများအား ခြေရာခံနိုင်တယ်ဆိုတာကို သိထားပါ။
အင်တာနက်ပေါ်မှာကြည့်ရှုထားသမျှ ဒါမှမဟုတ် click လုပ်ထားသမျှကို တခြားသူများကနေ ခြေရာခံရှာဖွေနိုင်ပါတယ်။ တချို့ကတော့ ၀က်ဘ်ဆိုက်ကို အချိန်တိုအတွင်း ပြန်ဖွင့်နိုင်ရန်အတွက်လည်းကောင်း၊ တချို့ကတော့ အချက်အလက်စုဆောင်းခြင်းနဲ့ အချက်အလက်များခိုးကြည့်ခြင်းတို့အတွက် အသုံးပြုပါတယ်။ ဥပမာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ၀က်ဘ်ဆိုက်တစ်ခုဟာ တိကျသေချာတဲ့အချက်အလက်ကို မှတ်မိစေရန်အတွက် ကွန်ပျူတာအတွင်း cookie တစ်ခုကို ထားလေ့ရှိပါတယ်။ ဒါမှသာ နောက်တစ်ခါဆိုက်ကိုပြန်ဖွင့်ရာမှာ ပိုမိုချောမွေ့စွာနဲ့ ပြုလုပ်စေနိုင်ပါတယ်။
- Amazon, eBay စတဲ့ဝက်ဘ်ဆိုက်တွေဟာ အသုံးပြုသူစိတ်ဝင်စားတဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ ဒါမှသာ အသုံးပြုသူကြိုက်နှစ်သက်နိုင်မယ့် ထုတ်ကုန်များနဲ့ ရုပ်ရှင်များကို အကြံပြု ဖော်ပြပေးနိုင်မှာပါ။
- Google ဟာ ကုမ္ပဏီများထံ ကိန်းဂဏန်းအချက်အလက်များကို ထောက်ပံ့ပေးရန်အတွက် အင်တာနက်လုပ်ဆောင်မှုများကို ခြေရာခံကာ လေ့လာဆန်းစစ်မှုများပြုလုပ်ပါတယ်။ ယင်းကုမ္ပဏီတွေဟာ အဆို ပါအချက်အလက်များကို အသုံးပြုပြီး ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ကိုပြုလုပ်ပါတယ်။
- ပရိုဂရမ်တစ်ခုကို download ပြုလုပ်ခြင်းနဲ့ ၀က်ဘ်ဆိုက်တစ်ခုအတွက် sign up ပြုလုပ်ခြင်းဟာလည်း အဆိုပါပရိုဂရမ်နဲ့ဆိုက်များကနေပြီး ကြော်ငြာခြင်းအတွက် အသုံးပြုသူရဲ့အချက်အလက်များကို third-party များကနေပြီး ရရှိစေနိုင်တဲ့အချက်ဖြစ်ပါတယ်။
- ကွန်ပျူတာတစ်လုံးကို တခြားသူများထံ မျှဝေအသုံးပြုခြင်းဟာလည်း အသုံးပြုသူရဲ့ အင်တာနက်အသုံးပြုမှတ်တမ်းများကို လေ့လာဆန်းစစ်နိုင်စေမယ့်အချက်ပါ။
- Malware နဲ့ spyware အများစုကို ID ခိုးယူခြင်းအတွက် အသုံးပြုနိုင်တဲ့ အကြွေးဝယ်ကတ်နံပါတ်များနဲ့ bank account password လိုမျိုး အရေးကြီးတဲ့အချက်အလက်တွေကို ခြေရာခံရယူခြင်းအတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် အင်တာနက်အသုံးပြုပြီးတဲ့အခါမှာ cookie များနဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်း (browsing history) များကိုဖျက်ပစ်ခြင်း ဒါမှမဟုတ် private browsing ဖြင့် အင်တာနက်အသုံးပြုခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

Cookie များကို ထိန်းချုပ်ခြင်း
ဝက်ဘ်ဆိုက်အများစုဟာ cookies လို့ခေါ်တဲ့သေးငယ်တဲ့ text file တွေကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပါတယ်။ Cookies ဟာ အသုံးပြုသူရဲ့ကွန်ပျူတာနဲ့ ၀က်ဘ်ဆာဗာကို ဆက်သွယ်ရာမှာ အကူအညီပေးနိုင်သလို အင်တာနက်အသုံးပြုမှုများအတွက် ခြေရာခံတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ Browser အားလုံးတိုင်းမှာ ကွန်ပျူတာမှ cookie တွေကိုထိန်းချုပ်ခြင်း၊ တားမြစ်ခြင်းနဲ့ ဖျက်ပစ်ခြင်းတို့ပြုလုပ်နိုင်မယ့် tool တွေပါဝင်ပါတယ်။

Private Browsing ကိုအသုံးပြုခြင်း
Browser အများစုမှာ အင်တာနက်ကို private အနေနဲ့သုံးနိုင်မယ့် tool option တစ်ခုပါဝင်ပါတယ်။ Private Browsing ဖြင့် အင်တာနက်အသုံးပြုတဲ့အခါမှာ-
- လည်ပတ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာများကို History နဲ့ Address Bar တွင် မှတ်သားသိမ်းဆည်းထားမှုမရှိခြင်း။
- အင်တာနက်အသုံးပြုမှုပြီးဆုံးပြီး browser ကိုပိတ်လိုက်တဲ့အခါမှာ cookie များကိုပယ်ဖျက်ပေးခြင်း။
- အင်တာနက်အသုံးပြုမှုပြီးဆုံးသည့်အခါတွင် temporary internet file များကိုသိုလှောင်ထားသည့် Cache ကိုရှင်းလင်းပေးခြင်း။
- Password အပါအ၀င် form များ၊ search bar များနှင့် text box များတွင် ထည့်သွင်းထားသည့်စာများအား မှတ်သားသိမ်းဆည်းထားမှုမရှိခြင်း။
- Download window နဲ့ folder ရှိ download စာရင်းများကို ပယ်ဖျက်ပေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

လုံခြုံမှုရှိစေမည့် Password များကိုအသုံးပြုပါ။
အင်တာနက်အသုံးပြုသူများဟာ password တစ်ခုကိုဖန်တီးရာမှာ တိုတောင်းပြီး မှတ်မိလွယ်စေတဲ့ password များနဲ့ account တိုင်းမှာအသုံးပြုတဲ့ တူညီတဲ့ password များဖြင့် ဖန်တီးအသုံးပြုလေ့ရှိပါ တယ်။ ဒီ password တွေကို သာမန်လူတွေအနေနဲ့ ခန့်မှန်းရမလွယ်ကူပေမယ့် ဟက်ကာများအနေနဲ့ကတော့ password-cracking software ကိုအသုံးပြုပြီး ကွဲပြားခြားနားတဲ့ password များဖြင့်စမ်းသပ်ကာ အားနည်းတဲ့ password တွေကို အလွယ်တကူဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် password တွေကိုဖန်တီးတဲ့အခါမှာ ခန့်မှန်းရခက်ခဲစေမယ့် password တွေကို ဖန်တီးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေ ခိုးယူခံရခြင်းဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ခန့်မှန်းရခက်ခဲစေတဲ့ password တွေကို ဖန်တီးတဲ့အခါမှာ အောက်ဖော်ပြပါ အချက်အလက်များအတိုင်း လိုက်နာဖို့လိုပါတယ်။
- တူညီတဲ့ password တွေကို account တိုင်းမှာ အသုံးမပြုပါနဲ့။ အကယ်၍ တူညီတဲ့ password တွေကိုအသုံးပြုတဲ့အခါမှာ တစ်စုံတစ်ဦးကနေ account တစ်ခုရဲ့ password ကိုသိသွားတဲ့အခါ တခြား account များရဲ့ password များကို အလိုအလျောက်သိပြီးသား ဖြစ်သွားပါလိမ့်မယ်။
- ရှည်လျားတဲ့ password ကိုသုံးပါ။ Password တစ်ခုကိုဖန်တီးရာမှာ အနည်းဆုံးအက္ခရာ ၆ လုံးရှိဖို့လိုပါတယ်။ ပိုပြီးလုံခြုံမှုရှိစေလိုရင်တော့ အနည်းဆုံး အက္ခရာ ၁၂ လုံး သတ်မှတ်ပြီး password ကို ဖန်တီးသင့်ပါတယ်။
- ကိန်းဂဏန်းများ၊ သင်္ကေတများအပြင် uppercase နဲ့ lowercase စာလုံးများပါဝင်အောင် ကြိုးစားထည့်သွင်းဖန်တီးပါ။
- အဘိဓာန် (dictionary) မှာရှာဖွေနိုင်တဲ့ စကားလုံးများကို အသုံးပြုခြင်းမှရှောင်ကြဉ်ပါ။
- အသုံးပြုသူရဲ့ နာမည်၊ မွေးနေ့၊ အိမ်ထောင်ဘက်အမည်စတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထည့်သွင်းအသုံးမပြုပါနဲ့။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထည့်သွင်းအသုံးပြုခြင်းဟာ password ကိုခန့်မှန်းခြင်းအား အလွယ်တကူပြုလုပ်စေနိုင်ပါတယ်။
- "susan123" လိုမျိုး ခန့်မှန်းရလွယ်တဲ့ password တွေကိုအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
- Password တွေကို ရေးမှတ်ပြီးသိမ်းဆည်းထားတဲ့အခါမှာ လုံခြုံစိတ်ချရတဲ့နေရာမှာထားပါ။ Password တွေကို encrypt လုပ်ခြင်း ဒါမှမဟုတ် နားလည်ရခက်စေတဲ့ password ရဲ့အရိပ်အမြွက်ကို ရေးမှတ် ထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
- Password တွေကို ကိုယ်တိုင်စဉ်းစားပြီး အသုံးပြုခြင်းထက် password generator ကိုအသုံးပြုပြီး random password တွေကိုဖန်တီးပါ။ ဒီ password တွေဟာ မှတ်သားရခက်ခဲပေမယ့် စာလုံးပေါင်းပုံစံကဲ့သို့သောနည်းလမ်း မှတ်သားထားနိုင်ပါတယ်။ ဥပမာ H=jNp2# ဆိုတဲ့ random password ကို HARRY = jessica Nokia paris 2 # ဆိုပြီး မှတ်သားထားနိုင်ပါတယ်။
ရေးသားသူ ကိုနောင်နောင်ကို ကျေးဇူးတင်ပါတယ်နော်....

from internet journal...

No comments: