Saturday, September 22, 2012

HD Super AMOLED, Retina Display နှင့်အခြား Screen များအကြောင်း သိထားသင့်သမျှ


Screen အရွယ်အစား၊ resolution နဲ့အလင်းအမှောင်တို့ဟာ စမတ်ဖုန်းတစ်လုံးကို ကောင်းမွန်စွာ ကြည့်ရှုအသုံးပြုနိုင်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အရွယ်အစားမျိုးစုံရှိတဲ့ ထုတ်ကုန်များရဲ့စွမ်းရည်ဟာ အလွန်အရေးကြီးသလို Screen ရဲ့ resolution ကလည်း အရေးပါလှပါတယ်။

ဒီအတွက် DisplayMate Technologies ကိုတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Raymond Soneira က အရောင်ပမာဏနဲ့ ထင်ရှားပြတ်သားမှုတို့ရဲ့ ကွဲပြားပုံနဲ့ပတ်သက်ပြီး စမတ်ဖုန်း display များကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ ဒါကြောင့် Soneira လေ့လာနှိုင်းယှဉ်ခဲ့မှုမှ ရရှိခဲ့တဲ့ အတွေ့အကြုံများကို စာဖတ်ပရိသတ်ထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

စမတ်ဖုန်း Screen တစ်ခု တည်ဆောက်ပုံ
စမတ်ဖုန်း Screen ကို အစကနေ အောက်ခြေအထိ material အလွှာအချို့နဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး ၎င်းတို့ကို display နဲ့ အကာအကွယ်ပြုလုပ်ထားပါတယ်။ မျက်နှာပြင်အလွှာဟာ ပါးလွှာပြီး ကွေးဆန့်နိုင်တဲ့ screen ပါဝင်တဲ့အတွက် concept ဖုန်းအချို့မှာတော့ ပျော့ပျောင်းတဲ့ ပလတ်စတစ်များကို အသုံးပြုကြသလို ယနေ့ခေတ် ဟန်းဆက်များမှာတော့ အကြမ်းခံနိုင်တဲ့အရာများကို အသုံးပြုကြပါတယ်။ မျက်နှာပြင်ရဲ့ အလွှာအပေါ်ဘက်ကတော့ LCD screen များအတွက် backlight ကဲ့သို့ အလင်းထုတ်ပေးနိုင်တဲ့အရာဖြစ်ပြီး ၎င်းရဲ့အပေါ်ဘက်ကတော့ TFT (thin-film transistor) အလွှာဖြစ်ပါတယ်။ ၎င်းဟာ ဗို့အားအနည်းငယ်ရှိတဲ့ ထရန်စစ္စတာများကိုအသုံးပြုပြီး ပုံရိပ်ပြောင်းလဲခြင်းနဲ့ refresh မလုပ်မီအထိ display ရဲ့ pixel များကို တောက်ပအောင်ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် touch-senstive panel မှာလည်း အလင်းစူးရှမှုကို လျှော့ချပေးနိုင်တဲ့ ကွဲပြားခြားနားတဲ့ film များနဲ့ filter များအပြင် ထိပ်ဘက်ပိုင်းမှာ သီးခြားအလွှာတစ်ခုအနေနဲ့ ဒါမှမဟုတ် touch layer နဲ့ကပ်လျက်တည်ရှိမယ့် cover glass တို့ ပါဝင်ပါတယ်။ Gorilla Glass ဟာ cover glass အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အရည်အသွေးနိမ့်တဲ့ material တွေကတော့ ထုတ်ကုန်ရဲ့မြင်ကွင်းရှုထောင့်ကိုကျဉ်းစေပြီး အရောင်ကိုလည်း လျော့နည်းစေနိုင်သလို အရည်အသွေးကိုလည်း ကျဆင်းစေနိုင်ပါတယ်။

LCD နှင့် OLED ကိုနှိုင်းယှဉ်ခြင်း
LCD နှင့် AMOLED/OLED မှာဘယ် display နည်းပညာအမျိုးအစားက ပိုမိုကောင်းမွန်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အကြိတ်အနယ်ငြင်းခုံမှုရှိပါတယ်။ ၎င်းတို့ရဲ့ အသေးစိတ်အချက်အလက်တွေဟာ ရှုပ်ထွေးပေမယ့် အတိုချုံးပြောရရင်တော့ LCD များနဲ့ OLED များကို အောက်ပါအတိုင်း ထင်မြင်ယူဆနိုင်ပါတယ်။ LCD screen များဟာ အလင်းကို အနက်၊ အဖြူနဲ့ အရောင်များအဖြစ် ဖန်တီးရာမှာ လိုအပ်တဲ့ backlight နည်းပညာကနေ စတင်ပါတယ်။ ယေဘုယျအားဖြင့် highend LCD တွေဟာ ပိုမိုတိကျတဲ့အရောင်များကို ထုတ်လုပ်ပေးနိုင်ခြင်းအတွက် လူသိများကြပေမယ့် ၎င်းတို့ကိုထုတ်လုပ်သူများကတော့ ထုတ်ကုန်ရဲ့စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် အားဖျော့တဲ့ အနီ၊ အပြာ၊ ခရမ်းအရောင်များကို ထုတ်လုပ်ပေးနိုင်တဲ့ LCD များကိုသာထုတ်လုပ်ရန် ရည်ရွယ်ခဲ့ကြပါတယ်။ LCD ရဲ့သက်တမ်းဟာ နှေးကွေးတာကြောင့် နာရီထောင်ပေါင်းများစွာ အသုံးပြုခဲ့ရင်တောင်မှ အလင်းနဲ့အရောင်ကို မျှတစွာချိန်ညှိပေးနိုင်တယ်လို့ Soneira ကဆိုပါတယ်။ OLED ကတော့ အနက်ရောင်ထုတ်လုပ်ဖို့အတွက် မည်သည့် အလင်းမျှမလိုအပ်ဘဲ အဖြူနဲ့အရောင်များအတွက်သာ အလင်းလိုအပ်ပါတယ်။ ဒါကြောင့် အနက်ရောင်ကိုဖန်တီးရန်အတွက် စွမ်းအင်လိုအပ်ခြင်းမရှိတာကြောင့် ဘက်ထရီစွမ်းအင်ချွေတာနိုင်စေပြီး မည်းနက်နေ တဲ့ အနက်ရောင်ကိုလည်း ထုတ်ပေးနိုင်ပါတယ်။ OLED များဟာ တောက်ပစွာ ဖော်ပြပေးနိုင်သလို နှစ်လိုဖွယ်ကောင်းတဲ့ အရောင်များကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ အစိမ်း ရောင်ကို အလွန်အမင်းဖော်ပြလေ့ရှိခြင်းပါ။ အဓိကပြဿနာကတော့ OLED ရဲ့သက်တမ်းဟာ LCD ထက်ပိုမိုမြန်ဆန်တာကြောင့် အနီနဲ့အပြာအရောင်များဟာ အစိမ်းရောင်ထက် လျင်မြန်စွာ ယိုယွင်းလာတဲ့အတွက် အရောင်ချိန်ညှိမှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။ ဒါ့အပြင် OLED များကိုပြုလုပ်ရာမှာ ဈေးအလွန်ကြီးမြင့်ပြီး ၎င်းကို HTC ကဲ့သို့သော ထုတ်လုပ်သူအချို့ဟာ အကန့်အသတ်အနေနဲ့သာ ထုတ်လုပ်ကြပါတယ်။

IPS ဆိုတာဘာလဲ
In-plane switching လို့ခေါ်တဲ့ IPS ဆိုတာကတော့ အရည်အသွေးမြင့်တဲ့ LCD နည်းပညာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၎င်းနည်းပညာဟာ ကျယ်ဝန်းတဲ့မြင်ကွင်းရှုထောင့်နဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်များကို ဖော်ပြပေးနိုင်ပါတယ်။ အဆိုပါနည်းပညာကို LG ရဲ့ LG Optimus LTE နဲ့ Apple ရဲ့ iPhone 4/4S နဲ့ iPad တို့မှာအသုံးပြုထားပါတယ်။ Motorola Xoom နဲ့ Acer Iconia A500 tablet တွေမှာ အသုံးပြုထားတဲ့ ဈေးနှုန်းသက်သာတဲ့ LCD နည်းပညာအမျိုးအစားများဟာ အရောင်တိကျမှုမရှိခြင်း၊ မြင်ကွင်းရှုထောင့်ကျဉ်းခြင်းနဲ့ screen ကြည်လင်ပြတ်သားမှုကို အဟန့်အတားဖြစ်စေတဲ့ အလင်းပြန်မှုမြင့်မားခြင်းတို့ ဖြစ်ပွားနိုင်တယ်လို့ Soneria ကသုံးသပ်ပြောကြားခဲ့ပါတယ်။

Super AMOLED ဆိုတာဘာလဲ
Super AMOLED ဆိုတာကတော့ Samsung နဲ့သာသက်ဆိုင်တဲ့ အမည်ဖြစ်ပြီး Super AMOLED, Super AMOLED Plus နဲ့ HD Super AMOLED ဆိုပြီး အမျိုးအစားကွဲပြားပါတယ်။ Screen တစ်ခုစီရဲ့ pixel မှာ အနီ၊ အစိမ်းနဲ့ အပြာ subpixel များပါဝင်ပြီး မည်သည့်အရောင်ပေါင်းစပ်မှုကိုမဆို ဖန်တီးပြုလုပ်နိုင်ရန်အတွက် ၎င်း subpixel များကို အဖွင့်၊ အပိတ်ပြုလုပ်နိုင်ပါတယ်။ Subpixel တွေကို ပုံစံဖော်ပြခြင်းအတွက် နည်းလမ်းအများအပြားရှိပါတယ်။ Super AMOLED ဟာ Samsung ရဲ့ Pen Tile layout ကိုအသုံးပြုထားတာကြောင့် ၎င်းရဲ့ patterm ဟာ အနီ၊ အစိမ်း၊ အပြာ၊ အစိမ်း (RG-BG) subpixel များဖြစ်တာကိုတွေ့ရပါမယ်။ PenTile ဟာ အစိမ်းရောင်ကိုပြုလုပ်ဖို့အတွက် အနီနဲ့အပြာ subpixel အနည်းကိုအသုံးပြုရပါတယ်။ ဒါ့အပြင် PenTile ဟာ LCD များနဲ့ Nokia Lumia 900 လိုမျိုး အခြား AMOLED screen များမှာတွေ့နိုင်တဲ့ RGB layout ထက် subpixel ပိုမိုနည်းပါတယ်။ PenTile screen တစ်ခုကို အနီးကပ်စူးစမ်းလေ့လာကြည့်တဲ့အခါမှာ စာသားတွေကို ကောင်းစွာတွေ့မြင်ရပေမယ့် ပုံရိပ်တွေကို ကြမ်းတမ်းတဲ့အရည်အသွေးနဲ့သာ တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်အစောပိုင်းမှာ Samsung က Super AMOLED display များကို မိတ်ဆက်ပေးခဲ့တဲ့အခါမှာတော့ ကောင်းမွန်တဲ့အကျိုး ရလဒ်တွေကို ရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခင်က pixel တစ်ခုမှာ 8 subpixel သာပါဝင်ရာမှ Super AMOLED ရဲ့ pixel တစ်ခုမှာ 12 subpixel ပါဝင်လာတဲ့အတွက် display တစ်ခုလုံးပေါ်မှာ subpixel ၅၀ ရာခိုင်နှုန်းပိုမိုလာတာကြောင့် ဖြစ်တယ်လို့ Samsung ကပြောကြားခဲ့ပါတယ်။ ယင်းကဲ့သို့ subpixel ပိုမိုပါဝင်လာတဲ့အတွက် ပုံရိပ်တွေကို ပိုမိုချောမွေ့ကြည်လင်တောက်ပစွာ ကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ RGB pattern ကို Samsung Galaxy SII, Samsung Droid Charg နဲ့ Samsung Infuse 4G တို့မှာ တွေ့မြင်နိုင်ပါတယ်။ Super AMOLED Plus အသုံးပြုထားတဲ့ အခြားထုတ်ကုန်များမှာတော့ 800x480-pixel resolution လိုမျိုး အရွယ်အစားကြီးမားတဲ့ screen အတွက်လိုအပ်တဲ့ pixel ပမာဏနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ HD Super AMOLED အနေနဲ့ကတော့ 1280x720-pixel resolution နဲ့ဖော်ပြပေးနိုင်ပါတယ်။ HD Super AMOLED ကို Samsung Galaxy Nexus, Samsung Galaxy Note နဲ့ Samsung Galaxy SIII တို့မှာတွေ့မြင်နိုင်ပါတယ်။

Pixel သိပ်သည်းမှု
Pixel သိပ်သည်းမှုဟာ pixel များနဲ့ subpixel များရဲ့ ဖြတ်တောက်ပုံအပေါ်မူတည်ပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ ယေဘုယျအားဖြင့်ဆိုရရင် တစ်လမှာရှိတဲ့ pixel ပမာဏများပြားပါက ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံကို ကြည့်ရှုနိုင်တယ်လို့ဆိုရမှာပါ။ Apple ရဲ့ iPhone 4/4S မှာအရွယ်သေးငယ်တဲ့ ၃.၅ လက်မအရွယ် screen ကိုအသုံးပြုထားပေမယ့် 960x 640-pixel resolution နဲ့ဖော်ပြပေးနိုင်ပါတယ်။ pixel သိပ်သည်းမှုပမာဏ မြင့်မားပြီး တစ်လက်မမှာ 326 pixels ရှိပါတယ်။ Screen အရွယ်အစား ၄.၇ လက်မရှိတဲ့ HTC One X ကတော့ 1280 x 720-pixel resolution နဲ့ဖော်ပြပေးနိုင်ပြီး pixel သိပ်သည်းမှုကတော့ တစ်လက်မမှာ 3.1 pixels သာရှိပါတယ်။ Screen အရွယ်အစား ၅.၃ လက်မရှိတဲ့ Samsung Galaxy Note ကတော့ 1280x800-pixel resolution နဲ့ဖော်ပြပေးနိုင်ပေမယ့် pixel သိပ်သည်းမှုကတော့ တစ်လက်မမှာ ၂၈၇ pixels သာရှိပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့ ပြေပြစ်ချောမွေ့မှုအတွက် pixel သိပ်သည်းမှုဟာ အရေးကြီးတဲ့ အခြေခံအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ tablet တစ်ခုကို စမတ်ဖုန်း pixel သိပ်သည်းမှုနဲ့နှိုင်းယှဉ်ရာမှာတော့ စမတ်ဖုန်း pixel သိပ်သည်းမှုအတိုင်း သိပ်သည်းမှုပမာဏ မြင့်မားဖို့မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Tablet တစ်ခုကို ကြည့်ရှုရာမှာ Tablet ကို မျက်နှာနဲ့ ခပ်လှမ်းလှမ်းအကွာမှာထားပြီး pixel အနည်းငယ်နဲ့ အဆင်ပြေစွာကြည့်ရှုနိုင်တာကြောင့် ဖြစ်ပါတယ်။

အလင်းပြန်ခြင်း
အကယ်၍ screen ဟာ pixel သိပ်သည်းမှုပမာဏမြင့်မားပြီး အရောင်ထုတ်လုပ်မှုကောင်းမွန်တယ်ဆိုရင် screen ရဲ့အလင်းပြန်မှုဟာ မြင့်မားပြီး ကြည့်ရှုတဲ့အခါမှာ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သတင်းဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ အီးမေးလ်ဖတ်ခြင်း စတာတွေကို ပြုလုပ်တဲ့အခါမှာလည်း ကြည်လင်ပြတ်သားစွာနဲ့ ကြည့်ရှုနိုင်ရမယ့်အစား ခေါင်းပေါ်ကအလင်းများနဲ့ နေရောင်များကြောင့် screen ပေါ်က အလင်းပြန်ခြင်းမျိုး ဖြစ်ပွားနိုင်ပါတယ်။ အလင်းပြန်ခြင်းဟာ physical display material ရဲ့အရည်အသွေးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူများဟာ အလင်းပြန်ခြင်းကို လျှော့ချနိုင်ရန်အတွက် ပြုလုပ်ခဲ့ကြပါတယ်။ Nokia ဟာ Lumia 900 မှာအသုံးပြုထားတဲ့ PenTile မဟုတ်တဲ့ AMOLED screen ရဲ့အပေါ်ဘက်နဲ့ cover glass ရဲ့အောက်ဘက်မှာရှိတဲ့ touch layer ရဲ့ အပေါ်ဘက်မှာ ClearBlack filer ကို ထည့်သွင်းအသုံးပြုထားပါတယ်။ ClearBlack ဟာ LCD တွေပေါ်မှာလည်း အလုပ်လုပ်ပါတယ်။ အဆိုပါ filter ဟာ နာရီလက်တံအတိုင်း အလင်းကိုလည်ပတ်စေတဲ့ circular polarization ကို အသုံးပြုထားတဲ့အတွက် အလင်းအားလုံးကိုဟန့်တားပြီး နာရီလက်တံပြောင်းပြန်အတိုင်း screen ကို ပြန်လည်တုံ့ပြန်စေပါတယ်။ ရလဒ်ကတော့ အလင်းပြန်မှုကို လျော့ကျစေပြီး screen ကို indoor မှာရော outdoor မှာပါ ပိုမိုရှင်းလင်းစွာနဲ့ ကြည့်ရှုနိုင်ခြင်းဖြစ်ပါတယ်။ Soneira ရဲ့စမ်းသပ်စစ်ဆေးမှုရလဒ်များအရ Nokia Lumia 900 ရဲ့ ClearBack display ရဲ့အလင်းပြန်မှုဟာ Apple ရဲ့ new iPad ထက် ထက်ဝက်ခန့်သာရှိတယ်လို့ သိရပါတယ်။

iPhone 4S နှင့် Samsung Galaxy Nexus ကိုနှိုင်းယှဉ်ခြင်း
iPhone 4S နဲ့ Samsung Galaxy Nexus တို့ရဲ့ display နည်းပညာကို နှိုင်းယှဉ်တဲ့အခါမှာ IPS LCD နည်းပညာအသုံးပြုထားတဲ့ iPhone က pixel သိပ်သည်းမှုမြင့်မားပြီး အရောင်များကိုလည်း သဘာဝ အတိုင်း ဖော်ပြပေးနိုင်ပါတယ်။ ၄.၆၅ လက်မအရွယ် screen ပါဝင်ပြီး 1280x720-pixel resolution နဲ့ဖော်ပြပေးနိုင်ကာ pixel သိပ်သည်းမှုတစ်လက်မမှာ 316 pixels ရှိတဲ့ Galaxy Nexus ကတော့ တောက်ပပြီး စိုပြည်တဲ့အရောင်များနဲ့ မည်းနက်တဲ့ အနက်ရောင်တို့ကို ဖော်ပြပေးနိုင်ပေမယ့် အရောင်တွေကတော့ သဘာဝထက် ပိုမိုလွန်ကဲတဲ့အရောင်များဖြင့်သာ ဖော်ပြပေးနိုင်ပါတယ်။ စာသားများကိုလည်း ရှင်းလင်းစွာမြင်တွေ့နိုင်ပေမယ့် iPhone ပေါ်ကစာသားလိုမျိုး ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်ခြင်းမရှိပါဘူး။ Samsung Galaxy SIII ကတော့ pixel သိပ်သည်းမှုနည်းပါးပေမယ့် ၄.၈ လက်မအရွယ် screen ကို 1280x720-pixel resolution နဲ့အသုံးပြုနိုင်ပြီး PenTile matrix ကို အသုံးပြုထားပေမယ့် Samsung Galaxy Nexus နဲ့ Screen ခြင်းနှိုင်းယှဉ်တဲ့အခါမှာ အလွန်တူညီတာကို တွေ့ရပါတယ်။ DisplayMate ရဲ့စမ်းသပ်ချက်များနဲ့ CNET အယ်ဒီတာများရဲ့ အကဲဖြတ်မှုများအရ Apple, Nokia နဲ့ Samsung တို့ဟာ Screen နည်းပညာမှာ အောင်မြင်မှုရရှိနေပါတယ်။ Apple ဟာ အလွန်ကြည်လင်ပြတ်သားတဲ့ Retina Display ကို iPhone 4/4S ဖုန်းတွေအပြင် iPad 2 နဲ့ new iPad တို့မှာအသုံးပြုထားပါတယ်။ Samsung နဲ့ Nokia တို့ကလည်း Galaxy S နဲ့ Lumia 900 လိုမျိုး အလင်းပြန်မှုနည်းပါးတဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းအမျိုးအစားတွေကို အသီးသီးထုတ်လုပ်ထားပါတယ်။ Samsung နဲ့ Nokia တို့ဟာ အခြေခံအလယ်အလတ်နဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းနဲ့ tablet အမျိုးအစားတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်ထားတဲ့အတွက် ဈေးနှုန်းချိုသာတဲ့ material နဲ့နည်းပညာတွေကို အသုံးပြုထားတဲ့ ထုတ်ကုန်တွေဟာ စွမ်းဆောင်ရည်မြင့်တဲ့ အမျိုးအစားတွေလောက် စွမ်းဆောင်ရည် ကောင်းမွန်ခြင်းမရှိပါဘူး။ HTC နဲ့ Motorola တို့ရဲ့ LCD screen များကတော့ စွမ်းဆောင်ရည်နိမ့်သလို screen နည်းပညာဟာလည်း iPhone ရဲ့ Retina Display နဲ့စွမ်းဆောင်ရည်မြင့် AMOLED ဖုန်းများနဲ့နှိုင်းယှဉ်ရင် ဖျော့လွန်းပါတယ်။ 

from interrnet journal...

No comments: