Thursday, October 18, 2012

ဒူးဆစ်ရောင်ခြင်းအတွက် ဆောင်ရန်နှင့် ရှောင်ရန်...


           လူ၌ခန္ဓာကိုယ်အား ထောက်မတ်ပေးရန်နှင့် သွားလာလှုပ်ရှားမှုအတွက် ခြေထောက်နှစ်ချောင်းနှင့် ကိုင်တွယ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လက်နှစ်ချောင်းရှိလေသည်။ လူသားသည် သူ၏ အသက်ရှင်နေထိုင်မှုအတွက် ခြေနှင့် လက်အား မွေးသည်မှ သေသည်အထိ မရပ်မနား အသုံးချ စေခိုင်းရသည်။ ထိုအခါ အလုပ်များ အမှားပါဆိုသော စကားအတိုင်း လူ၏စားဝတ်နေရေး အ၀၀အား တာဝန်ယူ ဆောင်ရွက်ပေးနေရသော ခြေနှင့် လက်တို့သည် ပင်ပန်းခြင်း ၊ ထိခိုက်အနာတရဖြစ်ခြင်း နှင့် ချွတ်ယွင်းခြင်းများ ဖြစ်လာရပေသည်။ လူတို့လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းသဘာဝအရ လည်းကောင်း၊ စက်မှုတိုးတက်မှု အဆင့်အရလည်းကောင်း၊ ခန္ဓာကိုယ် ၀ခြင်း ပိန်ခြင်းအရ လည်းကောင်း၊ ရောဂါကြောင့် လည်းကောင်း၊ အလုပ်အကိုင် များသော ခြေနှင့် လက်တို့သည် ထိခိုက်နာကျင် ချွတ်ယွင်းပျက်စီးမှုအဖြစ်များဆုံး ဖြစ်ရတော့သည်။
ထိုသို့သော ခြေလက်ရောဂါ ဝေဒနာများတွင် ဒူးဆစ်ရောင်ခြင်း (ခေါ်) ဒူးနာခြင်းသည်လည်း အဖြစ်များသော ရောဂါဝေဒနာတခုဖြစ်ပြီး လူတို့အား ဝေဒနာခံစားရခြင်းနှင့် စိတ်ဆင်းရဲရခြင်းများစွာ ဖြစ်စေပါသည်။ ဒူးဆစ်ရောင်ခြင်းဟု အများနားလည်အောင်ခေါ်ထားရသော်လည်း ဤရောဂါဝေဒနာ ဖြစ်တိုင်းဒူးဆစ်ရောင်သည် မဟုတ်ပေ။ အချို့လူနာများတွင်မူ ဒူးဆစ်ရောင်ခြင်းမတွေ့ရပေ။ ဒူးဆစ်၏ မျက်နှာပြင်များ ကြမ်းတမ်းလာခြင်း၊ မချောမွတ်ခြင်းနှင့် အရိုးပိုလေးများ ထွက်ပေါ်လာခြင်းအား ယေဘုယျအားဖြင့် ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ဤရောဂါ ဝေဒနာဖြစ်လျင် အချိန်မြန်မြန်နှင့် မပျောက်တတ်ရာ လူနာအဖို့ အလုပ်အကိုင်ပျက်ခြင်း၊ နာကျင်မှုခံစားရခြင်းနှင့် စိတ်ဆင်းရဲခြင်းများ ဖြစ်ကြရလေသည်။ အချို့က အရိုးကင်ဆာဟု မိမိဘာသာထင်မှတ်ပြီး မတို့ရဲ မထိရဲနှင့် ဆေးရုံသို့ သွားရောက်ပြသပြီး ကုသမှုခံယူရန် ကြောက်ရွံ့စိုးရိမ်နေတတ်ကြကြောင်း တွေ့ရဖူးပါသည်။ အချို့က သည်လိုမတွေး၊ ငြိမ်ငြိမ်လေးနေလို့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလို့ဟု ထင်မှတ်ကြပြီး လမ်းများများ လျှောက်ခြင်း၊ ခြေထောက်လေ့ကျင့်ခန်းများ ပြင်းထန်စွာ ပြုလုပ်ပေးခြင်းများ ပြုလုပ်တတ်ကြရာ ဝေဒနာ အခြေအနေပိုဆိုးသွားတတ်သည် ဖြစ်၏။ အချို့က အနှိပ်သည်ဖြင့် နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးခြင်းများ ပြုလုပ်ပြီး ပိုမို နာကျင်ခြင်းသာ ခံစားရလေသည်။
အမှန်မူ ဒူးဆစ်ရောင်ခြင်းရောဂါ ဝေဒနာအကြောင်းနှင့် ကာကွယ်ရေး၊ ကုသရေးနှင့် သတိပြုနေထိုင်ရေးများအကြောင်း သိရှိသဘောပေါက်ထားကြမည်ဆိုပါက ထင်သလောက် မဆိုးရွားသော ဒုက္ခမပေးနိုင်သော စိုးရိမ်ကြီးရန်မလိုသော ကုသ၍ပျောက်ကင်း (မနာတော့ခြင်းကို ဆိုလိုသည်) နိုင်သော ရောဂါဝေဒနာဖြစ်ကြောင်း လက်တွေ့ပြုလုပ်သိရှိနိုင်သည် ဖြစ်၏။
ရောဂါဝေဒနာဖြစ်ရခြင်း အကြောင်းအရင်းများ
ဆေးကျမ်းများ၏ အဆိုအရ ဒူးဆစ်ရောင်ခြင်း (O.A Knee) ၏ဖြစ်ရသောအကြောင်းအရင်းအား အများအားဖြင့် အတိအကျ မသိဟု တညီတညွတ်တည်းဆိုထားကြပါသည်။ မည်သို့ဆိုစေ ဆရာဝန်များ၏ ဆေးကုသမှုအတွေ့အကြုံအရ ဒူးဆစ်နာခြင်းအား အမျိုးအစား နှစ်မျိုး ခွဲခြင်း၍ သတ်မှတ်ရ လေသည်။
(၁) အလိုလျှောက် ဒူးဆစ်ရောင်ခြင်း
(၂) အကျိုးအဆက်အဖြစ် ဒူးဆစ်ရောင်ခြင်း
ပထမ အမျိုးအစားဖြစ်သော အလိုအလျှောက် ဒူးဆစ်ရောင်ခြင်းဖြစ်ရသောအကြောင်းအရင်းအား အတိအကျ မသိရပေ။ ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများကား
(၁) မျိုးရိုးဗီဇ အရ ဖြစ်ခြင်း
(၂) အသက်အရွယ်အရ ဖြစ်ခြင်း
(၃) ခန္ဓာကိုယ် ၀လွန်း၍ ဖြစ်ခြင်း
(၄) အလုပ်အကိုင်၏ သဘာဝအလျှောက်ဖြစ်ခြင်း (ဥပမာ ကြာရှည်မတ်တတ်ရပ်၍လည်းကောင်း၊ ဒူးကွေးထိုင်လျက် လည်းကောင်း လုပ်ရသော အလုပ်မျိုး)
ဒုတိယ အမျိုးအစား ဖြစ်သော အကျိုးအဆက်အဖြစ် အဆစ်ရောင်ခြင်းဖြစ်ရသော အကြောင်းအရင်းများကား
ဒူးအား ပြင်းထန်စွာထိခိုက်အနာတရဖြစ်ခဲ့ဖူးခြင်း
ရောဂါပိုးဝင်ရောက်ခဲ့ခြင်း
အဆစ်အမြစ်ရောင်ရောဂါဖြစ်ခဲ့ဖူးခြင်း။
(ဂေါက်) ခေါ် အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ခဲ့ဖူးခြင်း
မွေးရာပါ ကိုယ်အင်္ဂါချွတ်ယွင်းမှုရှိခြင်း (ဥပမာ-ခြေခွင်ခြင်း၊ ခါးစောင်းခြင်း၊ ခြေထောက်အတိုအရှည် မညီညာခြင်းများ)။

ရောဂါဝေဒနာ ဖြစ်ပျက်ပုံသဘော
အရိုးဆက်ရွတ်များ (Semilunar Cartilages) အရိုးများနှင့် အဆစ်ငုံအရွတ် (Capsular Ligaments) များအတွင်း မျက်စီးမှုဆိုင်ရာ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာ၍ ဖြစ်ရလေသည်။ မျက်နှာချင်းဆိုင်ဆက်သွယ်ထားသော အရိုးနှစ်ခုကြားရှိ ကြားခံအရိုးဆက်ရွတ်များ တရိရိပျက်စီးသွားခြင်းဖြင့် အရိုးနှစ်ခုကို တိုက်ရိုက် ထိတွေ့ပွတ်တိုက်ခြင်းဖြစ်လာရသည်။ ထိုအခါ ချောမွေ့သော အရိုးမျက်နှာပြင် ကြမ်းလာသည်။ ပြောင်ချောလာသည်။ နောက်ဆုံး အရိုးများ၏ နခမ်းသားများ၌ အရိုးပိုလေးများ (Osteophytis) ဖြစ်ပေါ်လာသည်။ ထိုအခါ အဆစ်ငုံအရွတ်များကျုံ့သွားကြပြီး ကြာသော် တိုသွားကြသည်။ ဤသို့ဖြင့် အဆစ်၏အနေအ ထား ချွတ်ယွင်းခြင်း၊ ကွေးကောက်ခြင်း ဖြစ်လာရတော့သည်။
ရောဂါလက္ခဏာများ
(၁) နာကျင်ခြင်း
(၂) ဒူးဆစ်အပြည့်အ၀ကွေးဆန့်မရခြင်း
(၃) ပတ်ဝန်းကျင်ကြွက်သားများ တင်းခြင်း
(၄) ခြေထောက်အနေအထား ချွတ်ယွင်းခြင်း
(၅) ဒူးဆစ်အတွင်းမှ အရိုးပွတ်တိုက်သံ(Crepitus) များတခါတရံ ကြားရခြင်း၊ လက်နှင့် စမ်း၍ရခြင်း
(၆) ဒူးဆစ်ရောင်ခြင်း (အချို့လူနာများတွင်)
(၇) ဆောင့်ကြောင့်ထိုင်မရခြင်း၊ တင်ပလ္လင်ခွေထိုင်မရခြင်း
(၈) လှေကားအတက်အဆင်း မလုပ်နိုင်ခြင်း
(၉) ကြာကြာမတ်တတ်မရပ်နိုင်ခြင်း
(၁၀) ရာသီဥတုအေးက ပိုမိုကိုက်ခြင်း၊ နာခြင်း
(၁၁) ဒူးမခိုင်ခြင်း

ကုသနည်းများ
အနားယူခြင်း။  ။ အနားယူခြင်းဆိုသည်မှာ နာသောဒူးပေါ်တွင် ကြာကြာအားပြု၍ အလုပ်အကိုင် မလုပ်ရန် ဆိုလိုပါသည်။ ကြာကြာမတ်တတ်မရပ်ရခြင်း၊ လမ်းမလျှောက်ရခြင်း၊ တတ်နိုင်သရွေ့ လှေကားအတက်အဆင်း မလုပ်ခြင်း၊ မနင်းနှိပ်ြခင်း၊ ဒူးကွေးမထိုင်ခြင်းတို့ ဖြစ်သည်။
အပူပေးခြင်း။   ။ အဆစ်နှင့် အကြောရောဂါ များသည် ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် သက်သာမှုရဂတတ်သည့်အတိုင်း အနည်းဆုံး တနေ့(၃) ကြိမ်ရေနွေးကပ်ပေးပါ။ အေးသောအချိန်များတွင် ပို၍ကပ်ပေးပါ။ ထူးထူးခြားခြား မနာလျင် အနာသက်သာစေသော ဆေးများကို စားသုံးမည့်အစား ရေနွေးကပ်ပေးခြင်း အန္တရာယ်လည်း ကင်းပြီး ဆေးဖိုးဝါးခ ကုန်ကျသက်သာပါသည်။
တုတ်ကိုင်လမ်းလျှောက်ခြင်း။   ။ ဒူးဆစ်တကယ်နာပြီဆိုက လမ်းမလျှောက်နိုင်သည်က များလေသည်။ အချို့ မတ်တတ်ပင် မရပ်နိုင်ပေ။ အချို့အနည်းငယ်နာသူများက ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်ပေးခြင်းဖြင့် ဒူးပို၍ နာသွားတတ်ပေသည်။ အကောင်းဆုံးမှာ နာသောဘက်မှ လက်တွင် တုတ်တချောင်းကိုင်လျက် လမ်းလျှောက်ခြင်းပင် ဖြစ်သည်။ နာသောခြေထောက်ပေါ်သို့ အားပြုတိုင်း တုတ်ပေါ်၌ အားပြုပေးခြင်းဖြင့် ဒူးနာခြင်းသက်သာပါမည်။ ဒူးအားထိခိုက်မိခြင်း လျော့ပါးစေပါမည်။ လမ်းလျှောက်ရာတွင်လည်း ထော့နဲ့ထော့နဲ့ သိပ်မဖြစ်တော့ပဲ လူကောင်းအတိုင်းအသင့်အတင့် ကြည့်ကောင်းလာမည်ဖြစ်သည်။ ဤသို့ဖြင့် နာနေသော ဒူးအား ပိုမိုထိခိုက်ခြင်းလည်း မဖြစ်စေ၊ နာကျင်ခြင်းလည်းများစွာ မခံစားရစေဖြစ်ပါသည်။
ဆေးစားခြင်း။  ။ အနာသက်သာစေသည့် ဆေးနှင့် ကြွက်သားတင်းသည်များကို လျှော့နိုင်သောဆေး များအား ဆရာဝန်နှင့် တိုင်ပင်ပြီး စားသုံးပါ။ အလွန်နာကျင်မှ စားသုံးရန်ဖြစ်ပါသည်။ နေနိုင်ရုံနာက ဆေးမစားပဲ ရေနွေးအိတ်များများ ကြာကြာကပ်ပေးပါက ပိုကောင်းပါသည်။
ဆေးထိုးခြင်း။   ။ အရိုးအထူးကုဆရာများ၊ အကြောအဆစ်ဘက်ဆိုင်ရာ ဆရာဝန်များအနေဖြင့် လိုအပ်က အဆစ်အတွင်းသို့ ဆေးထိုးပေးပါမည်။

လေ့ကျင့်လှုပ်ရှားကုသခြင်း
ဒူးနာသူများအဖို့ အောက်ပါဒူးလေ့ကျင့်ခန်းများအား ရေနွေးအိတ်ကပ်ပြီးတိုင်း ပြုလုပ်ပေးပါ။
(၁) လူနာသည် ခြေဆင်းထိုင်လျက် ရှိနေရမည်။ ပထမဦးစွာ မနာသော ခြေထောက်မှ ခြေကျင်းဝတ်အား အပေါ်သို့ အစွမ်းကုန်ကော့တင်ထားပါ။ ထိုနောက် ဒူးဆစ်အား စိတ်ဖြင့် အောက်သို့ဖိချပေးပါ။ သို့မဟုတ် ဒူးဆစ်အောက်တွင် လက်ဖ၀ါးခံထားပြီး ထိုလက်ဖ၀ါးအား ဒူးဖြင့်အောက်သို့ အစွမ်းကုန်ဖိထားပေးပါ။ ထိုအခါပေါင်ကြွက်သားများ တင်းလာကြောင်းတွေ့ရမည်။ နှစ်စက္ကန့်မျှ တင်းပြီးလျင် တဖြည်းဖြည်းလျှော့လိုက်ပါ။ ခြေကျင်းဝတ်ကိုလည်း အသာပြန်ချပါ။ ဤသို့ ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း တကြိမ်ပြီး၏။ ဤသို့ ကောင်းသော ခြေထောက်အား လေ့ကျင့်၍ရမှ နာသောဘက်အား တဖြည်းဖြည်းလုပ်ပေးပါ။ နာကျင်မှုအခြေအနေအရ သိပ်နာအောင်မလုပ်ရ။ မသိမသာလေးနာသည်အထိ လုပ်ပေးပါ။ နှစ်ရက် သုံးရက်ကြာသောအခါ မနာမကျင်ပဲ ဤလေ့ကျင့် လှုပ်ရှားမှုအား လုပ်နိုင်လာပေမည်။ တခါလုပ်လျင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်အထိ လုပ်ပေးပါ။ တခါလုပ် ပြီးတိုင်း တမိနစ်ခန့်နားပါ။ ထိုနောက် ခုနစ်ကြိမ် ဆယ်ကြိမ်ပြန်လုပ်ပါ။ တမိနစ်နားပါ။ တတိယအကြိမ် လုပ်ပြီးက လုံးဝအနားယူရမည်။ ဤသို့ တနေ့ နှစ်ကြိမ်ပြုလုပ်ပေးရမည်။

(၂) လူနာသည် ပက်လက်ဆန့်ဆန့်အိပ်နေရမည်။ နာသောဒူးဆစ်အား ဆန့်ထားလျက် ခြေထောက်ကိုအပေါ်သို့ မြှောက်တင်ပေးပါ။ ထိုသို့ မြှောက်နေစဉ် ဒူးကွေးမသွားစေရ။ စတင်လေ့ကျင့် စတွင် နှစ်လက်မ၊ သုံးလက်မခန့်သာ မြှင့်တင်နိုင်ပါလိမ့်မည်။ သိပ်နာသည်အထိ မမြှောက်တင်ရ။ မိမိရသလောက် မနာပဲ လုပ်နိုင်သရွေ့ သာလုပ်ပေးပါ။ တဖြည်းဖြည်းနှင့် ပို၍ရလာပါလိမ့်မည်။
(၃) လူနာသည် ခုတင်(သို့) ခုံတန်းတခုတွင် ခြေတွဲလောင်းချလျက်ထိုင်နေရမည်။ ဒူးဆစ်၏ တံကောက်ကွေးသည် ခုံတန်း၏အစွန်းနှင့် ထိကပ်ထားရမည်။ ထိုနောက်ခြေကျင်းဝတ်အား အပေါ်သို့ ကော့တင်ပါ။ ယင်းသို့ ကော့တင်ထားပြီး ဒူးအား အပေါ်သို့ ဆန့်တင်ရမည်။ မိမိရနိုင်သရွေ့သာ ဆန့်တင်ပေးရမည်။ လက်နှစ်ဘက်အား ခုံပေါ်ထောက်ထားပါ။ ပေါင်ကြွက်သား စစ်စစ်ဖြင့် မတင်ရမည်။ တကိုယ်လုံးအားဖြင့် မမတင်ရ။ နာသောဒူးသည် လေ့ကျင့်ခန်းစလုပ်စတွင် ဆန့်ဆန့်လုပ်နိုင်ဦးမည်မဟုတ်ပေ။ တဖြည်းဖြည်းလေ့ကျင့်ပါမှ ဆန့်လာနိုင်မည်ဖြစ်သည်။ တစ်ရက်လျက် ဆယ်ကြိမ် သုံးခါ ပြုလုပ်ပေးရမည်။ ဤသို့ဖြင့် ပေါင်ကြွက်သားသန်မာလာမည်။ ဒူးအနောက်ဘက်မှ ကြွက်သားတင်းခြင်း လျော့လာမည်ဖြစ်သည်။
(၄) လူနာသည် မှောက်အိပ်နေရမည်။ ထိုနောက်နာသော ဒူးအား အပေါ်သို့ တဖြေးဖြေးကွေးတင်ပေးပါ။ ဤလေ့ကျင့်လှုပ်ရှားမှု သည် ဒူးနာသူများအဖို့ အခက်ခဲဆုံးဖြစ်ရာ အခြားလေ့ကျင့်လှုပ်ရှားမှုများ (၁) (၂) (၃) ပြုလုပ်၍တပတ်ကျော်မှ စတင်ပြုလုပ်သင့်သည်။ ဒူးနာခြင်းတော်တော်လေးသက်သာမှ ပြုလုပ်ပေးပါ။ နာသောဒူးအား သူ့ဘာသာ မကွေးတင်နိုင်က ကောင်းသောခြေထောက်၏ အကူအညီဖြင့် ကွေးတင်ပေးပါ။ သိပ်နာသည်အထိ မကွေးရ။
(၅) လူနာသည် မတ်တတ်ရပ်လျက် ဒူးအားအနည်းငယ် ကွေးလိုက်ပါ။ အရပ်အနည်းငယ် ပုသွားလိမ့် မည်။ ထိုနောက် ပေါင်ကြွက်သားအား အားစိုက်လျက် ရှိပေမည်။ ပထမတွင် ၁၅ ဒီဂရီ ၂၀ ဒီဂရီခန့် ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပြီးနောက် တဖြည်းဖြည်း၂၅ ဒီဂရီမှ ၆၀၊ ၇၀၊ ၉၀၊ ၁၀၀ ဒီဂရီ စသည်ဖြင့် တိုးတက်ကွေးဆန့်ပေးပါ။ တနည်းအားဖြင့်ဆိုရသော် ထိုင်ထ လေ့ကျင့်ခြင်းပင် ဖြစ်ပါသည်။
ရှောင်ရန် ဆောင်ရန်များ
(၁) မနင်းရ၊ မနှိပ်ရ
(၂) ဒူးကွေးမထိုင်ရ၊ တင်ပလ္လင်ခွေ မထိုင်ရ
(၃) လှေခါးအတက်အဆင်း မပြုလုပ်ရ။ အကယ်၍ ပြုလုပ်လိုက အတက်တွင်ကောင်းသော ခြေထောက်ဖြင့်သာ စတက်ပြီး၊ နာသော ခြေထောက်က နောက်လိုက်ဖြစ်ရမည်။ အဆင်းတွင် ပြောင်းပြန်ဖြစ်၏။ နာသောဘက်နှင့်ချည်း စ၍ဆင်းရမည်။ ကောင်းသောဘက်က နောက်လိုက်ဖြစ်ရမည်
(၄) ကြာကြာမတ်တတ်မရပ်ရ၊ လမ်းမလျှောက်ရ

ရေးသားပေးသော ကိုဇေယျာကို ကျေးဇူးတင်ပါတယ်နော်...

No comments: