Monday, November 19, 2012

ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂ မျိုး


(၁) နို့နှင့် နို့ထွက်ပစ္စည်း

အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို သန်စွမ်း ကျန်းမာစေပါတယ်။

၂) ငါး

ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီများများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်ကျွတ်နှုန်း နှေးစေပါတယ်။ ငါးမှာ သံဓာတ်နဲ့ ဗီတာမင် B12တို့ ပါဝင်တဲ့အတွက် ဆံကေသာနဲ့ အသားအရေကို လှပကျန်းမာစေပါတယ်။ ဆံခြည်မျှင် အိတ်ထဲမှာ သံဓာတ်တွေကို သိုလှောင်ထားပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာကြောင့်ပါ။

၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ

ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာတွေမှာ ဆံကေသာအတွက် အရေးပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ်စုနဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ သွပ်ဓာတ်ဟာ ဆံကေသာ ကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းတွေကို ဟန်ချက် ညီမျှစေပါတယ်။ စားတဲ့ အစားအသောက်ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်းမာ စေပါတယ်။
၎) အခွံမာသီး

သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီးတွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင်ကျဲပါးတာကို နှေးစေပါတယ်။ သစ်ကြားသီးထဲမှာ ဆီလီနီယမ်ဓာတ်လည်း ပါဝင်ပြီး အဲဒီဓာတ်ဟာ ဦးရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အပြင် ဗောက်ထတာကိုလည်း လျော့ပါးစေပါတယ်။ နေ့စဉ် အခွံမာသီးကို လက်တစ်ဆုပ်စာပမာဏ စားပေးသင့်ပါတယ်။

၅) ပဲအမျိုးမျိုး

ပဲနီလေးအပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာဟာရဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံဓာတ်၊ သွပ်(ဇင့်)ဓာတ် အများအပြား ပါဝင်ရုံသာမက ပရိုတင်းဓာတ်လည်း များစွာပါဝင်နေတာကြောင့် ဆံကေသာ ကြီးထွားသန်စွမ်းစေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင်လည်း ပါဝင်တာကြောင့် ဆံပင်ပြတ်ထွက်တာတွေ မဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်း ကျန်းမာစေပါတယ်။

၆) မုန်လာဥနီ

မျက်စိကျန်းမာရေးနဲ့ အမြင်အားကောင်းစေရေးအတွက် အရေးပါတဲ့ မုန်လာဥနီဟာ ဆံပင်သားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင်အေပါဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သဘာဝအဆီရှိစေပြီး ဦးရေပြားကို ကျန်းမာစေတာကြောင့် ဆံကေသာကို သန်စွမ်း တောက်ပစေပါတယ်။

၇) ဥအမျိုးမျိုး

ဆံပင်သားတည်ဆောက်မှုမှာ ပရိုတင်းက အရေးပါတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက် မစားဖြစ်ရင် ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ သင်စားတဲ့အစာထဲမှာ ဥအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတစ်ခွက်ကိုတော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B12 ပါဝင်တာကြောင့် ဆံပင်သားကို ကျန်းမာစေပါတယ်။

၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်

ရောင်စုံအစားအစာတွေက သင့်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်းလှပစေပါတယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဆံပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဆီကြည်လို သဘာဝအဆီ ထုတ်လုပ်မှုကို တိုးစေတဲ့ ဗီတာမင်အေနဲ့စီ အများအပြား ပါဝင်နေတာကြောင့် ဆံပင်သားကို စိုပြည်စေပါတယ်။

၉) ကြက်၊ ဝက်

သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းဓာတ် ပါဝင်မှုလျော့နည်းတာက ဆံပင်သားအတွက် ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှုကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင်ကိုလည်း မှိန်ဖျော့စေပါတယ်။ ကြက်သားမှာ ဆံပင်သားကျန်းမာစေမယ့် ပရိုတင်းဓာတ် အလုံအလောက် ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ်များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင်အိတ်တွေ အားကောင်းရေးမှာ အရေးပါနေပါတယ်။

၁ဝ) ကမာ

ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာ ပါဝင်တာကြောင့် ဆံကေသာကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အမဲသားနဲ့ သိုးသားကနေလည်း ဒီလို အာနိသင်မျိုးကို ရရှိနိုင်ပါတယ်။

၁၁) ငှက်ပျောသီး

သင်စားတဲ့ အစာမှ ဗီတာမင B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်မှ အာဟာရဓာတ်တွေ စုပ်ယူရာမှာ ပါဝင်ကူညီပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပသန်စွမ်းစေပါတယ်။

၁၂) ဆန်လုံးညို

ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်မှ စွမ်းအင်ထွက်ရှိလာရေးအတွက် ပါဝင်ကူညီနေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်း ကျန်းမာစေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင်ဘီအုပ်စု အပြည့်ပါဝင်တဲ့အပြင် စွမ်းအင်ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင်သား သန်စွမ်းကျန်းမာရေးအတွက် အရေးပါနေပါတယ်။

ရေးသားပေးသော msun ကိုကျေးဇူးတင်ပါတယ်.....

No comments: